ဖတ်ရန်ကြာချိန် (၃ မိနစ်)
ကျနော်တို့မှာ အစာအိမ်နေရာ အောင့်ခြင်း မကြာခဏ ဖြစ်တတ်ကြသော်လည်း ၎င်းမှာ အစာအိမ်ကင်ဆာ၏ အစောပိုင်း လက္ခဏာများ မဟုတ်ပါ။
အထွေထွေခွဲစိတ်ဆရာဝန် ဒေါက်တာ ကီဗင်၏ အဆိုအရ ကနဦး အစာအိမ်ကင်ဆာ လက္ခဏာ များမှာ အောက်ပါအတိုင်း ဖြစ်သည်။
* လေပွခြင်း
* ရင်ညွန့်နေရာပူလောင်ခြင်း
* ပျို့ခြင်း
* အထွေထွေ နေထိုင်မကောင်းခြင်းတို့ဖြစ်ပြီး အခြား ရောဂါ လက္ခဏာ များနှင့် ခွဲရန်ခက်နိုင်ပါသည်။
ထို့ကြောင့် သတိပြုရန်လက္ခဏာ (၇)ချက်ကို ရေးသားလိုက်ပါသည်။
(၁) တမင်မကြိုးစားဘဲပိန်လာခြင်း
အစာစားချင်စိတ်ထိုးကျလာပြီး ဗိုက်မဆာတော့လျှင် ဝိတ်မချဘဲ ပိန်လာလျှင် သတိထား သင့်ပါသည်။
(၂) အလွန် ပင်ပန်းနွမ်းနယ်ခြင်း
အစာအိမ်မှ ဖြည်းဖြည်းချင်း သွေးယိုသောအခါ သွေးအားနည်းလာပြီး ပင်ပန်းနွမ်းနယ်လာတတ်သည်။ သွေးစစ်ကြည့်လျှင် သွေးနီဥနှင့် ဟေမိုဂလိုဗင် နည်းနေတတ်သည်။
(၃) ဝမ်း(သို့)အန်ဖတ်တွင် သွေးပါခြင်း
ဖြစ်နှုန်းနည်းသော်လည်း သွေးထွက်တာ များလာလျှင် ဝမ်း(သို့) အန်သောအခါ သွေးပါလာနိုင်သည်။
(၄) နည်းနည်းလေးပဲစားပြီး ဗိုက်ပြည့်နေတတ်သည်။
(၅) အိမ်သာတက်ချိန်ပြောင်းလာခြင်း
ပုံမှန်မဟုတ်ဘဲ ဝမ်းလျှောခြင်း(သို့) ဝမ်းချုပ်ခြင်း ဖြစ်တတ်သည်။
(၆) အစာအိမ် အူလမ်းကြောင်းလက္ခဏာများ ကြာရှည်ခြင်း
ပျို့ခြင်းနှင့် ဝမ်းဗိုက်မကောင်းတာ ရက်ပေါင်းများစွာ ကြာနေတတ်သည်။
(၇) ယခင်နှင့်မတူသော ရောဂါလက္ခဏာ
ယခင်က မဖြစ်ဖူးဘဲ လေချဥ်တက်တာ ဖြစ်တတ်သည်။
အဆိုပါလက္ခဏာများပြလာလျှင် ဆရာဝန်နှင့်ပြသ၍ ကုသမှု ခံယူသင့်ပါသည်။
အစာအိမ်ကင်ဆာ ဖြစ်စေနိုင်သော အကြောင်းအရာများ
၁) အစာအိမ်ရောဂါပိုး(ဟီလီကိုဘက်တာပိုင်လိုရီ)
၂) ဆေးလိပ်သောက်ခြင်း
၃) အသက်အရွယ်ရလာခြင်း
၄) အဝလွန်ခြင်း
၅) အစာအိမ်အနာအတွက် ခွဲစိတ်ခံဖူးခြင်း
၆) အေ သွေး အမျိုးအစားရှိခြင်း
၇) မျိုးရိုးရှိဖူးခြင်း
၈) ကျပ်တိုက်၊ ဆားနယ်ထားသော အသား၊ငါး၊ အစားစာ စားသုံးမှုများခြင်း
ကာကွယ်နည်းများ
သန့်ရှင်းသော အသီးအရွက် အခြေခံအစားအစာများ ကို အဓိက ထား၍ စားသုံးသင့်သည်။ တာရှည်ခံ အစားအစာများရှောင်ကြဥ်ခြင်းဖြင့် ကင်ဆာကာကွယ်ရုံသာမက အစာအိမ် အူလမ်းကြောင်း ကျန်းမာစေနိုင်သည်။
ရောဂါ လက္ခဏာ တွေကြည့်ပြီး ကြောက်မသွားကြပါနဲ့ဦးေနာ်အနည်းစုကပဲအစာအိမ် ကင်ဆာကြောင့် ဖြစ်တတ်တာပါ။ သတိ ဆိုတာ ပိုတယ်မရှိလို့ ကျန်းမာရေးညီညွတ်အောင် နေထိုင်စားသောက်ပြီး အစာအိမ်ကင်ဆာ သတိပြု ကာကွယ် ကြပါလို့ တိုက်တွန်းရေးသားလိုက်ပါသည်။
Ref: cleverland clinic website
စာရှုသူများ အစာအိမ် အူလမ်းကြောင်း ကျန်းမာကြပါစေ။
Comments
Post a Comment