ဆေးဝါးများမှာ လူသားတို့ အတွက် ရောဂါများကို ကာကွယ်ရန်၊ ကုသရန်နှင့် ရောဂါရှာဖွေရန်အတွက် မရှိမဖြစ် လိုအပ်ပါသည်။
ကျန်းမာရေးအတွက် ဆေးဝါးများကိုသုံးစွဲရာတွင်
(၁) ရည်ရွယ်ရင်းအာနိသင်ထိရောက်ဖို.နှင့်
(၂) အန္တရာယ်ကင်းစေဖို့မှာ အရေးကြီးသည်။
ဆေးအတွက် ဘေးမဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများ ဆေးဝါးသုံးစွဲရာတွင် အန္တရာယ်ကင်းစေရန် သတိပြုရမည့် အချိန်ငါးချိန် သတ်မှတ်ထားပါသည်။ ထိုအချိန် ၅ချိန်မှာ-
(၁) ဆေးဝါးစတင် ညွှန်ကြားချိန်
(၂) ဆေးဝါးစတင် သောက်သုံးချိန်
(၃) နောက်ထပ်ဆေးတစ်မျိုး ထပ်တိုးချိန်
(၄) ဆေးဝါးများ ပြန်ညှိသောအချိန်
(၅) ဆေး ရပ်နားတော့မည့်အချိန်တို့ဖြစ်ပါသည်။
ထို အချိန်များတွင် မေးခွန်း (၅) ခုစီ စုစုပေါင်း မေးခွန်း (၂၅)ခု မေးခြင်းဖြင့် လူနာ များအတွက် ဆေးဝါးများမှာ ဘေးကင်းလုံခြုံမှု ရှိမည် ဖြစ်ပါသည်။အချို.မေးခွန်းများကို လူနာကိုယ်တိုင်ဖြေနိုင်သော်လည်း အချို့မေးခွန်းများကိုမူ ကျန်းမာရေးပညာရှင်၏ အကူအညီဖြင့်သာ ဖြေနိုင်မည်ဖြစ်သည်။
(၁) ဆေးဝါးစတင် ညွှန်ကြားချိန် မေးမြန်းသင့်သော မေးခွန်း ၅ခု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်ညွှန်ကြားချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို အောက်ပါအတိုင်း အကြံပြုထားပါသည်။
(က) ဆေးအမည်မှာဘယ်လိုခေါ်ပါသလဲ၊ ဘာအတွက်သောက်ရသလဲ။
ဥပမာ- ပါရာစီတမော (paracetamol) ဖျားနာခြင်းအတွက် သောက်ရန်
(ခ) ဆေး၏အန္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။
ဆေးတိုင်းတွင် အကျိုးနှင့် အပြစ် ဒွန်တွဲနေတတ်ပါသည်။
ဥပမာ- ပါရာစီတမောကြောင့် ရှားရှားပါးပါး သွေးဥမွှားနည်းခြင်း (Thrombocytopenia) ဖြစ်နိုင်သည်။ဆေးပမာဏများလျှင်အသည်းနှင့် ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်သည်။
(ဂ) ဆေးမသောက်ဘဲ အခြားနည်းလမ်းများဖြင့်ရော ကုသလို့ရလား။
ကုသမှုနည်းစဥ်များစွာ(လူနေမှုဘဝ အလေ့အကျင့် ပြောင်းလဲခြင်း၊ အာဟာရဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ ကာယကုသခြင်း၊ ဆေးပေးခြင်း) ရှိသည့် အနက် ဆေးဝါးမှာ ကုသမှု နည်းစဥ်တစ်ခုသာ ဖြစ်ပါသည်။ တခါတရံ ကုသမှုနည်းစဥ်များ ပေါင်းပြီးကုရတာလည်း ရှိတတ်သည်။
ဥပမာ- သိုင်းရွိုက်အကြိတ်ကြီးပြီး အလုပ်ပိုလုပ်သောရောဂါ (Goitre with hyperthyroidism) တွင် ကုသမှုနည်းစဥ် ၃ခုရှိပါသည်။ ဆေးပေးခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည် ပေးပြီးကုသခြင်းတို့ ဖြစ်သည်။ တခါတရံ ကုသမှုနည်းစဥ်များတွဲကုရတာလည်း ရှိတတ်သည်။
(ဃ) ကျန်းမာရေးဝန်ထမ်းကို ဆေးမတည့်ခြင်းနှင့် အခြားရောဂါများ ရှိကြောင်း ပြောပြပြီးပြီလား။
ဉပမာ -ဘားပလက် မတည့်ခြင်း၊သွေးတိုးရောဂါရှိခြင်း ကို ဆရာဝန်ကို ပြောပြရန် လိုအပ်ပါသည်။
(င) ဆေးများကို ဘယ်လိုသိမ်းဆည်းရမလဲ။
ယေဘုယျအားဖြင့် ဆေးများကို အေး၍ ခြောက်သွေ.သော၊ နေရောင်ခြည်တိုက်ရိုက်မကျသော နေရာတွင် သိမ်းဆည်းရပါမည်။ ရေခဲသေတ္တာနှင့် ထားရမည့်ဆေးဆိုလျှင် ဆရာဝန်/ဆေးဝါးကျွမ်းကျင်ပညာရှင်က ပြောပါမည်။
ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်ညွှန်ကြားချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။
(၂) ဆေးဝါးစတင်သောက်သုံးချိန် မေးမြန်းသင့်သောမေးခွန်း (၅) ခု
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်သောက်သုံးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို တင်ပြလိုက်ပါတယ်။
(က) ဆေးကို ဘယ်အချိန်သောက်ရမလဲ၊ဘယ်လောက်ပမာဏသောက်ရလဲ။
(ခ) ဆေးကို ဘယ်လို သောက်ရမလဲ။
ဥပမာ- ဆေးခန်းပြချိန်မှာ နေ့လည်ဆယ့်နှစ်နာရီ ဖြစ်သည်။ပါရာစီတမောကို အိမ်ပြန်ရောက်ချိန် နေ့လည်တစ်နာရီ စသောက်ရန် ဖြစ်သည်။တစ်နေ့ ၅၀၀ မီလီဂရမ်သုံးကြိမ်သောက်ရမည် ဖြစ်ရာ ထိုနေ့အတွက် နှစ်ကြိမ် ၊ နောက်ရက်များအတွက် ပါရာစီတမော ၅၀၀မီလီဂရမ် သုံးကြိမ်သောက်ရမည် ဖြစ်သည်။
(ဂ) ဆေးကို အစာမစားမီသောက်ရမလား၊ အစာစားပြီးသောက်ရမလား။
မြန်မာတို့ မေးလေ့ရှိသော မေးခွန်းဖြစ်ပါသည်။ပေးထားသောဆေးအပေါ်တွင် မူတည်ပါသည်။
ဥပမာ- ( ၁) အစာအိမ်အနာအတွက်ပေးသော ဆူကရာဖိတ် (sulcsaltate) ဆေးမှာ အစာမရှိချိန်တွင်သာ သောက်ရသည်။
(၂) aspirin နှင့် စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများမှာ အစာစားပြီးမှသာ သောက်ရသည်။
(ဃ) ဆေးသောက်ရန်မေ့သွားလျှင် ဘယ်လိုလုပ်မလဲ။
ပုံသေ ဖော်မြူလာ မရှိပါ။ အခြေအနေနှင်. အချိန်အခါ ပေါ်မူတည်ရာ ဆရာဝန်ကိုသာမေးမြန်းသင့်ပါသည်။
(င) ဘေးထွက်ဆိုးကျိုးများခံစားရလျှင် ဘယ်လို လုပ်မလဲ။
ဘေးထွက်ဆိုးကျိုးအကြောင်းအရာကို ဆရာဝန်ကို ပြောပြပြီး တိုင်ပင်ပါ။
ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးစတင်သောက်သုံးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။
(၃) နောက်ဆေးတစ်မျိုး ထပ်တိုးချိန်
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် နောက်ဆေးတစ်မျိုး ထပ်တိုးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို အောက်ပါအတိုင်း အကြံပြုထားပါသည်။
(က) ထပ်ပေးမည့်ဆေးက ကျွန်တော့်အတွက် တကယ်လိုရဲ့လား။
ဥပမာ- သွေးတိုးရောဂါရှိသူ တစ်ယောက်မှာ amlodipine 10မီလီဂရမ် နေ့စဉ် သောက်နေတာ ၃လ ခန့်ရှိပြီဖြစ်သော်လည်း သွေးပေါင်ချိန်မှာ 160/100 mmHg သာ ဖြစ်နေသည်။ သွေးပေါင်ချိန် ထိန်းနိုင်ရန်နှင့် သွေးတိုး၏ နောက်ဆက်တွဲရောဂါများကို ကာကွယ်နိုင်ရန် လိုအပ်၍ နောက်ထပ် သွေးပေါင်ကျဆေးအမျိုးအစားသစ်ကို ဆရာဝန်က ထပ်ပေးရသည်။
(ခ) ဆရာဝန်ကို သင်သောက်နေသော ဆေးများအကြောင်း ပြောပြပြီးပြီလား။
ဥပမာ- သင်ကခြေလက်ထုံကျဉ်ခြင်းကို ခံစားနေရသည်။ထိုအကြောင်းကို ဆရာဝန်ကို ပြောပြရာ ဆရာဝန်က သင့်ကို Princi-B Fort တစ်နေ့တစ်ကြိမ် သောက်ရန်ညွှန်းသည်။ သင်က အခြားဆရာဝန်ဆီး ချိုသွေးချိုရောဂါအတွက် ပြသစဥ်ပေးထားသော Betex ဆေးကိုတစ်နေ့ နှစ်ကြိမ် သောက်နေသည်။ သင်ကသာဆရာဝန်ကို Betex သောက်နေကြောင်းကို ဆရာဝန်ကိုမပြောပြလျှင် Vitamin B1, B6 and B12 များမှာထပ်သွားမည် ဖြစ်သည်။
(ဂ) ဒီဆေးက အခြားဆေးတွေနဲ့ ဓာတ်ပြုတာရှိနိုင်သလား။
ဉပမာ- သင်က နှလုံးသွေးကြောပိတ်ရောဂါကာကွယ်ရန် Aspirin 75 မီလီဂရမ် နေ.စဉ်သောက်နေသည်။ ဆရာဝန်က သင်ဒူးနာခြင်းအတွက် Diclofenac 50မီလီဂရမ် သုံးကြိမ်ပေးရန် စဉ်းစားနေသည်။ထိုဆေးနှစ်မျိုး ပေါင်းခြင်းမှာ သွေးယိုစိမ့်ခြင်းကို အားပေးသည်။သင်ကဆရာဝန်ကို ခန္ဓာကိုယ်အတွင်း Aspirin 75မီလီဂရမ်သောက်သုံးနေကြောင်းပြောပြမှသာ ဆေးနှစ်ခုပေါင်းဓာတ်ပြုပြီး သွေးယိုနိုင်ချေမြင့်မားလာခြင်းကို ကာကွယ်နိုင်ပါမည်။
( ဃ) ဆေးနှစ်ခု ဓာတ်ပြုခြင်းကိုသံသယရှိလျှင် ဘာလုပ်မည်နည်း။
တိုင်းရင်းဆေးဖြစ်စေ၊ အနောက်တိုင်းဆေးဖြစ်စေ၊ ဆေးနှစ်ခု ဓာတ်ပြုခြင်းကို သံသယရှိလျှင် လုပ်ဆောင်ရန် နှစ်ခုရှိပါသည်။
(၁) ဆရာဝန်နှင့် တိုင်ပင်ပါ။
(၂) FDAကို Report တင်ပါ။
( မြန်မာ FDA ၏ Drug Safety Network application ကို Android နှင့် iOS အတွင် download ရယူနိုင်ပြီး Report တင်နိုင်ပါသည်။ လက်ရှိတွင် ဆရာဝန်များသာ အသုံးပြုနိုင်ပါသည်)
(င) ဆေးတွေ အများကြီးသောက်ရလျှင် မှန်မှန်ကန်ကန်သောက်နိုင်ပါမလား။
ဆေးစုစုပေါင်း ဘယ်နှစ်မျိုးရှိလဲမှတ်သားပါ။
ထို့နောက် ဆေးတစ်မျိုးချင်းစီ၏ သောက်ရမည့် ပမာဏ၊ အကြိမ်၊ သောက်နည်း၊ သောက်ရမည့် အချိန် အတိုင်းအတာ၊ ဂရုပြုရမည့် အချက်များကို ဆေးကောင်တာတွင် ရှင်းပြစဥ် သေချာစွာ မှတ်သားပါ၊ မသေချာလျှင် ပြန်မေးပါ၊ ပြန်မေးနိုင်မည့် ဖုန်းနံပါတ်ယူထားပါ။
ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် နောက်ဆေးတစ်မျိုး ထပ်တိုးချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။
(၄) ဆေးဝါးများ ပြန်စစ်ရမည့်အချိန်
ကျန်းမာသောလူများ၌ပင်လျှင် ဆေးအာနိသင် တုံ့ပြန်မှုမှာ တစ်ဦး နှင့် တစ်ဦး မတူကြပါ။ ရောဂါ အခြေအနေ၊ လူတို့၏ ကိုယ်တွင်း ဇီဝဖြစ်စဥ်များ၊ ကိုယ်တွင်း အဂ်ါများ မှာ အချိန်နှင့်အမျှအပြောင်းအလဲ ရှိနိုင်ရာ ဆေးအာနိသင် ထိရောက်မှု၊ ဘေးထွက်ဆိုးကျိုး အခြေအနေများကို မူတည်ပြီး ဆေးဝါးများအပါအဝင် ကုထုံးများကို လိုအပ်သလို ပြောင်းလဲ ကုသရသည်များ ရှိပါသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက
ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးများ ပြန်စစ်ရမည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို အောက်ပါအတိုင်း အကြံပြုထားပါသည်။
(က) သင့်မှာ သောက်နေကျ ဆေးစာရင်းရှိပါသလား။
နှုတ်တရာ စာတစ်လုံး ဆိုသလို စာဖြင့် ရေးထားသောမိမိ သောက်နေကျ ဆေးစာရင်း ထားရှိသင့်ပါသည်။ ဆေးမှတ်တမ်းစာအုပ်မှ ဆရာဝန်ညွှန်းသော ဆေးစာရင်းကို ဤစာရင်းအတွက် ကိုးကားနိုင်ပါသည်။ နောက်ဆုံး အမှန်တကယ် သောက်သုံးနေသော ဆေးနှင့် စာရင်းရှိ ဆေးများ ကိုက်ညီစေရန် ဆေးစာရင်းကို update ပြုလုပ်သင့်ပါသည်။ ဥပမာ- ကုမ္ပဏီကွဲသော ပါဝင်မှုဆေးတူဆေးများပြောင်းလဲခြင်း
(ခ) ဘယ်ဆေးကို ဘယ်လောက်ကြာအောင်သောက်ရမလဲ။
ဆေးပေးရသော ရည်ရွယ်ရင်းရောဂါ၏ သဘောသဘာဝ၊ ရောဂါနှင့်ဆေး တုံ့ပြန်မှု ပေါ်မူတည်ပြီး ဆေးပေးသော အချိန်ကွာခြားနိုင်သဖြင့် ဘယ်ဆေးကို ဘယ်လောက်ကြာအောင် သောက်ရမလဲ ရှင်းလင်းအောင်သိထားသင့်ပါသည်။
(ဂ) မလိုအပ်သောဆေးများ ဆက်သောက်နေမိသလား။
ဥပမာ-
Carbimazole ဟူသောဆေးကို သိုင်းရွိုက် ဂလင်း အလုပ်ပိုလုပ်သောရောဂါ (Hyperthyroidism) ရောဂါအတွက် ၁၂လမှ ၁၈လ အထိ ပေးလေ့ရှိသည်။ စာရေးသူ တွေ့ဖူးသော လူနာတစ်ဦးမှာ လပေါင်း၆၀ အထိ ဆရာဝန်ပြန်မပြဘဲ Hyperthyroidism အတွက် Carbimazole သောက်နေတာ တွေ့ဖူးပါသည်။ လိုအပ်သောဆေး၊ မလိုအပ်တော့သော ဆေးများသိနိုင်ရန် ဆရာဝန်နှင့် ပြပြီး စစ်ကြည့်ရပါမည်။
(ဃ) ကျန်းမာရေးပညာရှင်နှင့် ဆေးတွေ ပုံမှန်စစ်သလား။
သောက်သုံးနေသောဆေးများ၏ အရည်အသွေးကောင်းမွန်မှု၊ ကုထုံးနှင့် ကိုက်ညီမှန်ကန်မှု ရှိ မရှိ သိနိုင်ရန် မိမိသောက်သုံးနေသော
ဆေးများကို တတ်ကျွမ်းသောကျန်းမာရေးပညာရှင်နှင့် ပုံမှန်စစ်ဆေးသင့်ပါသည်။
(င) ဘယ်လောက်ကြာကြာ ဆေးစာရင်းပြန်စစ်ရမလဲ။
နောက်ဆုံး ဆေးစာရင်းစစ်ခဲ့သော အချိန်မှာ တစ်နှစ်ထက်မပိုသင့်ဟု NICE uk က အကြံပြုထားပါသည်။
ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးဝါးများ ပြန်စစ်ရမည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။
(၅) ဆေးရပ်နားရတော့မည့်အချိန်
ယခု နောက်ဆုံး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဆေးဝါးအန္တရာယ် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးရပ်နား ရတော့မည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခုကို ရေးသားတင်ပြလိုက်ပါသည်။
(က) ဘယ်အချိန်ဆေးရပ်ရမလဲ။
ကြိုတင်သိရှိနိုင်သော ရောဂါအခြေအနေ၊ တိတိကျကျ လေ့လာထားသော ကုထုံးများတွင် ဆေးပေးသော အချိန်ကို တိတိကျကျသတ်မှတ်ထားပါသည်။ ဥပမာ- အဆုတ်တီဘီရောဂါကုဆေးများ အချို့ဆေးများကိုမူ ရေရှည်သောက်သုံးရပါမည်။ ဥပမာ- သွေးတိုးရောဂါကုဆေးများ၊ ဆီးချိုရောဂါကုဆေးများ၊ နာတာရှည် ကျောက်ကပ်ရောဂါ ကုဆေးများ
(ခ) ရုတ်တရက် ရပ်လို့မရတဲ့ဆေးတွေကဘာတွေလဲ။
အချို့သော ဦးနှောက်နှင့် အာရုံကြောဆေးများ၊ ရေရှည်သောက်ခဲ့သော စတီးရွိုက်ဆေးများမှာ ရုတ်တရက် ရပ်လျှင် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် ဖြည်းဖြည်းချင်း လျှော့ပြီးမှ ရပ်ရသည်။ ထို့ကြောင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ ဆေးကို ရပ်ရပါမည်။
(ဂ) ဆေးကုန်သွားလျှင်ဘယ်လိုလုပ်မလဲ။
အရေးပေါ်အခြေအနေများ၊ ယခုကဲ့သို့ ကိုဗစ်ကပ်ရောဂါကာလများတွင် နီးစပ်ရာ ဆေးဆိုင်၊ ဆေးရုံ ဆေးခန်းများတွင် မိမိအတွက် မရှိမဖြစ်ဆေးများ ရှိမရှိ စုံစမ်းထားသင့်ပါသည်။
(ဃ) ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရပ်လိုက်ရလျှင် ဘယ်ကို စာတင်မလဲ။
ဆေးများ၊ ဆေးပစ္စည်းကိရိယာများ၊ တိုင်ရင်းဆေးများ၊ ရောဂါကုသသည့် ဖြည့်စွက်အစာများ၏
ဘေးထွက်ဆိုးကျိုးကြောင့် ဆေးရပ်လိုက်ရလျှင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
FDA ကို တင်ပြနိုင်ပါသည်။ မြန်မာ FDA ၏ Drug Safety Network application ကို Android နှင့် iOS အတွင် download ရယူနိုင်ပြီး Report တင်နိုင်ပါသည်။ လက်ရှိတွင် ဆရာဝန်များသာ အသုံးပြုနိုင်ပါသည်။
(င) ဆေးကျန်၊ သက်တမ်းလွန်ဆေးတွေကို ဘယ်လိုလုပ်မလဲ။
သက်တမ်းမလွန်သေးသော မျက်မြင်အခြေအနေကောင်းမွန်သည့် ဆေးကျန်များကို စစ်ဆေးပြီး အသုံးဝင်သည့်နေရာတွင် ပြန်လည် အသုံးပြုနိုင်သည်။ သက်တမ်းလွန်ဆေးများကိုမူ စနစ်တကျ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ရပါမည်။
ဖော်ပြပါ အချက်များမှာ ဆေးဝါးအန္တရာယ်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဆေးရပ်နားရတော့မည့်အချိန်တွင် လူနာများ မေးမြန်းသင့်သော မေးခွန်း ၅ခု ဖြစ်ပါသည်။
Ref: 5 Moments of medication safety
#medicationsafety
#myanmar
#cherrykaungkaungfamilyclinic
Comments
Post a Comment